အချစ်စစ်စစ် မျဉ်း
Posted by zawye
သူငယ်တန်းမှ စတုတ္ထတန်းအထိ မြန်မာကိန်းဂဏန်းများ (၁၊၂၊၃၊၄၊...) ဖြင့်သာ သင်ကြားခဲ့ရသော
သင်္ချာဘာသာရပ်ကို ပဉ္စမတန်းမှ အစပြုကာ အင်္ဂလိပ်ကိန်းဂဏန်းများ (1, 2, 3, 4…)
ဖြင့် စတင်သင်ကြားရ၏။ ထို့အတူ သင်္ချာဂဏန်းများတွင် အနုတ်ကိန်း (-) ရှိသည်
ဆိုသည်ကိုလည်း ထို ပဉ္စ္စမတန်းရောက်မှသာ စတင်သိရှိခဲ့ရသည်။
လေးတန်းအထိ ၅ နှင့် ၆ ပေါင်းလျှင် ၁၁ (5+6=11) ဟု သိခဲ့သော်လည်း ၅ တန်းသို့
ရောက်သောအခါ အကယ်၍များ ၅ သည် အနုတ်ကိန်း ဖြစ်နေခဲ့ပါမူ ထို ၅ နှင့် ၆
ပေါင်းပါက အဖြေသည် ၁၁ မထွက်နိုင်တော့ပေ။ အဖြေ ၁ ဟု ဆိုမှသာ မှန်ပေသည်။
(-5+6=1)
ထိုမှ စတင်လျက် ကိန်းဂဏန်းများ ပေါင်းကြလျှင် ထိုကိန်း၏ ရှေ့ တွင် ရှိသော လက္ခဏာပေါ်မူတည်လျက်သာ အမှန်တန်ဖိုးထွက်လာနိုင်ကြောင်း၊ ကိန်းဂဏန်း နှစ်ခု ပေါင်းရန်အတွက် ၎င်းင်းတို့၏ ရှေ့ ရှိ လက္ခဏာများကို သေသေချာချာ ဂရုစိုက်ရန် လိုအပ်ကြောင်း သိရှိလာခဲ့ရသည်။
ဆက်လက်၍ ကိန်းစစ်မျဉ်း ဆိုသည်ကို ရင်းနှီးလာခဲ့သည်။
ကိန်းစစ်မျဉ်းကြီးပေါ်တွင် ကိန်းဂဏန်းများသည် ရေပြင်ညီမျဉ်းတစ်ခုပေါ်တွင် ညီညီညာညာ ရှိနေကြသော်လည်း သုညမှတ်၏ အရှေ့ ဘက် သို့ သွားသော ကိန်းများသည် အပေါင်းလက္ခဏာဆောင်သော ကိန်းများဖြစ်ပြီး သုညမှတ်၏ အနောက်ဘက်သို့ သွားသော ကိန်းများသည် အနှုတ်လက္ခဏာဆောင်သော ကိန်းများ ဖြစ်ကြရလေသည်။ ပကတိ ပမာဏ တူသောငြား ပိုင်ဆိုင်ထားသော လက္ခဏာ မတူညီသော ကိန်းနှစ်ခုသည် ကိန်းဂဏန်းပမာဏ ကြီးလာလေလေ၊ ပိုမို ဝေးကွာရလာလေလေ ဖြစ်သည်။
ထိုအကြောင်းများကို စတင်သိရှိခွင့်ရသော အချိန်သည် ပဉ္စမတန်း ( ၅ တန်း) ၊ အသက်အရွယ်အားဖြင့်
ဆယ်နှစ် ပြည့်ပြီးစ ပတ်ဝန်းကျင်များ (ဆက်ကျော်သက်ရွယ်)။
ဆယ်ကျော်သက်၏ အရွယ်တစ်ရွယ်တွင် ကိန်းစစ်မျဉ်းတန်းကြီးတစ်ခုပေါ်ရှိ သုညမှတ်တစ်မှတ်၌ ချစ်သူနှင့် ကိုယ် မမျှော်လင့်ဘဲ စတင် ဆုံတွေ့ခဲ့ကြသည်။
ချစ်သူသည် အများကြား၌ မာနကြီးသူ တစ်ယောက်ဖြစ်လျက်နေပြီး ကိုယ်သည် ချစ်သူကို
တိတ်တခိုး ချစ်လျက်နေသောကြောင့် ချစ်သူ ဖြစ်စေချင်လောက်သော ပုံစံအတိုင်း
ဝင်ရန် ကြိုးစားရင်း ချစ်သူနှင့် အသွင်တူသူ
တစ်ယောက် ဖြစ်ခဲ့ရသည်။ သို့သော် ချစ်သူသည် ဘ၀ တိုးတက်ကြီးပွားရေးကိုသာ
အမြဲတစေ ရှေးရှုလျက်ရှိပြီး နေထွက်သည့်ဘက်သို့သာ လျှောက်လှမ်းလိုသူ
တစ်ဦးဖြစ်လျက်နေသည်။
ကိုယ်သည် ချစ်သူအား ကိုယ့်ရှေ့မှ ပျောက်ကွယ်မသွားစေရန် မျက်တောင်မခတ်ဘဲ ငေးလျက်ကြည့်နေရင်း မှပင်
အသက်အရွယ်ရလာသည်နှင့် အမျှ ကိုယ်တို့နှစ်ယောက် လျှောက်လာသော လမ်းသည်
ဆန့်ကျင်ဘက်များဆီသို့သာ ဦးတည်နေကြကြောင်း သတိထားမိလာခဲ့ရသည်။
ထိုသတိထားမိသောအချိန်သည် လွန်စွာနောက်ကျခဲ့ပေပြီ။
ချစ်သူက အောင်မြင်မှုများဖြင့် ရှေ့သို့တစ်လှမ်းလှမ်းတိုင်း ကိုယ်သည်
မပြည့်စုံမှုများကြောင့် ကျဆုံးမှုများ ရင်ဝယ်ပိုက်လျက် နောက်သို့ အမြဲ
ဆုတ်မိခဲ့သည်။ ကိုယ့် ဘ၀တစ်လျှောက်လုံးတွင် အနုတ်လက္ခဏာများစွာဖြင့် ရင်ဆိုင်ခဲ့ရခြင်းပင်။
”ပြန်မဆုံနိုင်တော့ပါဘူး ချစ်သူရေ။ သို့ပေမယ့် သုညအမှတ်လေးမှာ တစ်ခါ ဆုံတွေ့ခွင့်ရခဲ့တဲ့အတွက်တော့ ကျေးဇူးတင်ပါရဲ့”
ကိုယ် အော်ပြောမိပါသည်။ ချစ်သူသည် ကြားနိုင်မည် မထင်ပါ။ သူမကြားနိုင်သော်ငြား
ကိုယ် သိပ်ချစ်ခဲ့ရကြောင်း သူ သိပါလိမ့်မည်။ ကိုယ့်ကို
မမြင်နိုင်တော့သော်ငြား ကိုယ်သည် သူ ရှိရာအရပ်သို့သာ
လှမ်းကြည့်လျက်ရှိကြောင်း သူ သိပါလိမ့်မည်။
လူတကာကလည်း သိပါလိမ့်မည်။
ကိုယ်တို့အကြောင်းအား မျိုးဆက်တစ်ဆက်ပြီး တစ်ဆက် ပြောပြကြသောအခါ ကိုယ့်ကို ( - ∞ ) ဟု သင်္ကေတဖြင့် ရေးကြပြီး ကိုယ့်ချစ်သူအား ( + ∞ ) ဟူ၍ ကိုယ်စားသုံးပြီး ရှင်းပြကြလေသည်။
ဘယ်လောက်ပင် ဝေးဝေး ကိုယ်သည် ကိုယ့်ချစ်သူအား ငေးကြည့်နေခွင့်ရသည့်အတွက် ကျေနပ်ပါသည်။
(- ∞ ) 0 (+ ∞ )
သူကမူ ကိုယ့်ကို ယနေ့တိုင် ကျောခိုင်းထားဆဲပါလေ။ ။
(မူရင်းကိုမသိလို့ဒီကနေ ခွင့်တောင်းထားပါတယ် )
ခံစားချက်တိုက်ဆိုင်လို့ပါ ..